သန်းတုပ်စရာမလိုဘဲ သန်းမျိုးပြုတ်စေဖို့
ဟက်ပီးလေးတို့ရေ…ခေါင်းပေါ်မှာ သန်းတွယ်ခံရဖူးလား?
ရုပ်ရှင်တွေထဲမှာ မိန်းမတွေ ရှေ့ဆင့်နောက်ဆင့်ထိုင်ကြပြီး သန်းတုပ်ရင်း အတင်းပြောကြတာတွေလည်း တွေ့ဖူးနေကြမယ် ထင်ပါတယ်။ အဲဒီလို သန်းတုပ်ပေမယ့်လည်း သန်းတွေ ကုန်မသွားဘဲ ထပ်ထပ်ပြီးသာ ပွားလာနေရင်ရော ဘာလုပ်သင့်သလဲ သိချင်ကြလား?
သန်းဆိုတာက နှမ်းစေ့အရွယ် ၃ မီလီမီတာခန့် အရွယ်အစားရှိကာ တောင်ပံမရှိတဲ့၊ သေးငယ်တဲ့ အင်းဆက်တစ်မျိုး ဖြစ်ပြီး လူတွေရဲ့ ဦးရေပြားမှာ ကပ်တွယ်နေထိုင်ကာ အစာအာဟာရအဖြစ် သွေးကို စားသုံးပါတယ်။ သွေးကို မစားသုံးရရင် တစ်ရက်ထက်ပိုပြီးတော့ အသက်မရှင်နိုင်ကြပါဘူး။
သန်းတွယ်ခံရသူတွေဟာ အထူးသဖြင့် ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ဖြစ်လေ့ရှိပါတယ်။ သန်းဟာ ခုန်ပျံနိုင်ခြင်း မရှိဘဲ တွားသွားတဲ့ အင်းဆက်ဖြစ်လို့ ခေါင်းချင်းကြာရှည်စွာ ပူးကပ်ရာက တစ်ယောက်ခေါင်းကနေ တစ်ယောက်ကို ကူးစက်တာဖြစ်ပြီး ညစ်ပတ်တဲ့သူဖြစ်ဖြစ်၊ သန့်ရှင်းတဲ့သူဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။
သန်းနဲ့သန်းဥတွေဟာ မြင်နိုင်ဖို့ ခက်ခဲပြီး သေချာရှာဖွေကြည့်မှသာ မြင်ရနိုင်တာပါ။ သန်းရဲ့ သက်တမ်းဟာ ၂၈ ရက်ခန့် ရှိပါတယ်။ သန်းဥ အနေနဲ့ ၇ ရက်ကနေ ၁၄ ရက်ခန့်၊ ပိုးတုံးလုံးအနေနဲ့ ၉ ရက်ကနေ ၁၄ ရက်ခန့် ကြာပြီးမှ အရွယ်ရောက်တဲ့ သန်းတစ်ကောင် ဖြစ်လာပါတယ်။ အရွယ်ရောက်ပြီးသား သန်းမတစ်ကောင်ကနေ တစ်နေ့ကို သန်းဥ ၁၀ ဥခန့် ဥနိုင်ပါတယ်။
သန်းက ယားယံတာ၊ ခေါင်းထဲမှာ တရွရွသွားနေလို့ နေရခက်တာ၊ လူကြားထဲ ခေါင်းကုတ်ရလို့ ရှက်ကြောက်တာ၊ မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတာက လွဲရင် လူကို အန္တရာယ်ဖြစ်စေတဲ့ အရာမဟုတ်ပါဘူး။
ဘယ်လို ရှင်းလင်းမလဲ?
အိမ်မှာရှိတဲ့ လူတိုင်းကို သန်းရှိမရှိစစ်ဆေးပြီး ရှိရင် တစ်ရက်တည်း တစ်ပြိုင်တည်း ရှင်းရပါမယ်။
- အလွယ်ကူဆုံးနည်းကတော့ ဘီးစိပ်တိုက်တာပါ။ လျှော်နေကျ ရှန်ပူနဲ့ ခေါင်းလျှော်ပါ။ ပြီးရင် ပျော့ဆေးများများသုံးပြီး စိုနေတဲ့ဆံပင် အရင်းကနေ အဖျားထိ ဘီးစိပ်နဲ့ နေရာမလပ် ထပ်ခါထပ်ခါ ဖီးချပါ။ တစ်ခါလုပ်ရင် ၁၀ မိနစ်ကနေ နာရီဝက်ခန့် ကြာနိုင်ပါတယ်။ အဲဒီလို ဘီးစိပ်တိုက်တာကို ၂ ရက် ၃ ရက်ခြားတစ်ခါနဲ့ ၂ ပတ် ၃ ပတ်ကြာအောင် လုပ်ပါ။ ဒါမှ ဥကနေ ထပ်ထပ်ပေါက်လာတာတွေပါ ရှင်းသွားမှာပါ။
- သန်းအတွက် ထုတ်လုပ်ထားတဲ့ Lotion နဲ့ Spray တွေလည်း ရှိပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးသင့်ပါတယ်။ ကလေးတွေမှာတော့ မသုံးသင့်ပါဘူး။ ဆေးသုံးတဲ့အခါ ရေနဲ့ သေချာဆေးချရမှာဖြစ်ပြီး မျက်စိထဲမဝင်အောင် ဂရုစိုက်ဖို့လည်း အရေးကြီးပါတယ်။
- သန်းရှင်းတဲ့ လျှပ်စစ်ခေါင်းဘီးတွေလည်း ရှိပါတယ်။
- သဘာဝအဆီတွေဖြစ်တဲ့ လက်ဖက်ဆီ၊ ယူကလစ်ဆီနဲ့ လာဗင်ဒါဆီတွေဟာလည်း သန်းတွေရှင်းလင်းရာမှာ အသုံးဝင်ပါတယ်။
သန်းဟာ ရောဂါကြီးကြီးမားမားဖြစ်စေတဲ့ အင်းဆက်ပိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခေါင်းတဗြင်းဗြင်းကုတ်ရလို့ စိတ်ရှုပ်နေရင်တော့ အခုပြောပြတဲ့ နည်းလမ်းတွေသုံးပြီး သန်းမျိုးဖြုတ်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်